
မွန်ပြည်နယ်အတွင်း ဘက်စုံလွှမ်းခြုံသည့် ပညာရေးစနစ်ကို ဖော်ဆောင်ရာမှာ အခြေခံပညာအဆင့်မှ ကျောင်းသူ၊ ကျောင်းသားများ၏ ကာယ၊ ဉာဏ စွမ်းရည်တိုးတက်မြင့်မားရေးကို အစဉ်တစိုက် အလေးထားဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၆ ရက်နေ့၊ ညနေ ပိုင်းက မော်လမြိုင်မြို့၊ ကျောင်းသား အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အားကစား ဝါသနာရှင်များ တက်ရောက်ခဲ့သည်။
ဦးစွာ အခြေခံပညာကျောင်းပေါင်းစုံ အားကစားအသင်းများက စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုကြပြီး ကွင်းအတွင်းသို့ နေရာယူကြကာ အားကစားသစ္စာအဓိဌာန် ရွက်ဆိုခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မွန်ပြည်နယ်အတွင်း ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကို ဦးတည်လျက် ကဏ္ဍပေါင်းစုံ တွန်းအားပေးပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိရာ အားကစားနှင့် လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ ကျောင်းသား အားကစားပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ပညာရေးအစဉ်အလာကြီးမားတဲ့ မွန်ပြည်နယ်အတွက် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ပြီး ပညာထူးချွန်သည့် လူတော်၊ လူကောင်းများဖြစ်အောင် လေ့ကျင့်ပျိုးထောင်ကြဖို့ လိုအပ်ကြေင်း၊ ကျောင်းသားမောင်မယ်တို့အနေဖြင့် ပညာရေးကဏ္ဍတွင်သာမက အားကစားကဏ္ဍဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်သည်အထိ ရည်မှန်းချက်များ ထားရှိပြီး စဉ်ဆက်မပြတ် ကြိုးပမ်းစွမ်းဆောင်ပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားကာ အခြေခံပညာကျောင်းသား အားကစားပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခြေခံပညာကျောင်းများမှ ဘင်ခရာအဖွဲ့၊ ပန်းပွားအဖွဲ့များ၏ စာလုံးပုံဖော်သရုပ်ပြ အကအလှများ၊ တေးသရုပ်ဖော်၊ ကဗျာလွတ်အကများဖြင့် ဖျော်ဖြေတင်ဆက်မှုတို့အား ကြည့်ရှုအားပေးခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်သည် ဒီဇင်ဘာလ ၂၇ ရက်နေ့၊ နံနက်ပိုင်းက ကျိုက်ထိုမြို့၊ သမိုင်းဝင် မောင်းတောင် စေတီတော်မြတ်ကို ပန်း၊ ဆီမီး၊ ရေချမ်း ကပ်လှူပူဇော်ခဲ့၍ စေတီတော် လယ်ယာရစ်တစ်ပတ် ဖူးမျှော်ကြည်ညိုခဲ့ကြသည်။
အဲဒီနောက် ကျိုက်ထိုမြို့၊ နဂါးရုံဘုရားကို ဖူးမျှော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ရေချမ်း ကပ်လှူပူဇော် ခဲ့ကြသည်။
(၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့သည့် ကျိုက်ထိုမြို့ ရှောင်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျိုက်ထိုမြို့၊ ကျိုက်ထို- ကင်မွန်းစခန်းလမ်းနှင့် မြို့ရှောင်လမ်းစုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်သည် စီးပွားရေးအရ အချက်အခြာကြသည့် ပြည်နယ်တစ်ခုဖြစ်သည်နှင့် အညီ လမ်းပန်းဆက်သွယ်မှု လွယ်ကူချောမွေ့စေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးကို အဓိကထားဦးတည်၍ လမ်းတံတားများ တည်ဆောက်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ကျိုက်ထိုမြို့ရှောင်လမ်းဟာ နိုင်ငံတကာဆက်သွယ်ရေးလမ်းမများဖြစ်တဲ့ အာရှ – အရှေ့အနောက် စီးပွားရေး စင်္ကြံလမ်းများပေါ်တွင် တည်ရှိခြင်းကြောင့် ဒေကအတွင်း ကုန်စည်ကူးသန်းမှု ပိုမိုဖွံ့ဖြိုး တိုးတက်လာမှာ ဖြစ်သည့်အပြင် စီးပွားရေးဆိုင်ရာ ရင်းနှီးမြုတ်နှံမှု ရလာဒ်ကောင်းများ ရရှိလာမည်ဖြစ်ကြောင်း၊ တိုးတက်လာတဲ့လူဦးရေ၊ စီးပွားရေးနှင့် လူနေမှုအဆင့်အတန်းများအရ လုံခြုံဘေးကင်းစွာ၊ ယာဉ်အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်ရန်အတွက် မြို့ရှောင်လမ်းအား ဘဏ္ဍာရေးနှစ်အလိုက် အဆင့်ဆင့်ဖောက်လုပ်ဆောင်ရွက်ခဲ့ပြီး လေးလမ်းသွား နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရေး ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွက် ဘက်ပေါင်းစုံအကျိုးဖြစ်ထွန်းစေမည့် လမ်း၊ တံတားများကို ဖောက်လုပ်ဆောင်ရွက်ပေးလျက်ရှိသလို လမ်း ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်ကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် ဒေသခံပြည်သူတစ်ဦးမှ မြို့ရှာင်လမ်းသစ် ဖောက်လုပ်ဆောင်ရွက် ပေးရခြင်းနှင့် စပ်လျဉ်း၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကျိုက်ထိုမြို့ ရှောင်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မြို့ရှောင်လမ်းသစ်အား ဖြတ်သန်းကြည့်ရှုခဲ့ကြသည်။
အဆိုပါ မြို့ရှောင်လမ်းသစ်သည် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီး (၁၀၅)မိုင် (၄)ဖာလုံ၊ လက်ပြ ကျေးရွာအနီးမှ စတင်၍ ကျိုက်ထို ကင်မွန်းစခန်း လမ်းကိုဖြတ်သန်း၍ ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီး၏(၁၁၀)မိုင် (၂)ဖာလုံ တွင် လာရောက် ပေါင်းဆုံကာ လမ်းအရှည် (၅.၈၃၃) ကီလိုမီတာ၊ ၂၄ ပေ အကျယ် ကတ္တရာကွန်ကရစ် (နိုင်လွန်ကတ္တရာ) လမ်းအမျိုးအစားဖြစ်ပြီး ခရီးသွားပြည်သူများအတွက် ယာဉ်ကြောကျပ်တည်းမှုကို လျော့ချနိုင်မည် ဖြစ်သည့်အပြင် ယာဉ်အန္တရာယ်ကင်းရှင်းပြီး အချိန်တိုးတောင်းစွာနှင့် လုံခြုံအေးချမ်းစွာ သွားလာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။