
မော်လမြိုင်၊ ဇန်နဝါရီ ၁၀
မွန်ပြည်နယ်အတွင်း အခြေခံလူဦးရေစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် မြို့နယ်အသီးသီးအလိုက် မြေပြင် တစ်အိမ်တက်ဆင်းကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့များဖြင့် စာရင်းကောက်ယူခြင်းများကို ကောက်ယူဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီလ ၁၀ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ရိုးဂိုးကျေးရွာ၌ မြေပြင်တစ်အိမ်တက်ဆင်းစာရင်း ကောက်ယူရေးအဖွဲ့များ၏ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူနေမှုများအား ကြည့်ရှုစစ်ဆေး၍ ပြည်နယ်ဝန်ကြီးချုပ်က လူဦးရေစာရင်းများ တိကျ မှန်ကန်မှုရှိစေရေး အထူးအလးထားဆောင်ရွက်ရန်၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းစဉ်အား ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ပူးပေါင်းပါဝင်လာစေရန်နှင့် သတ်မှတ်အချိန်အတွင်း အချိန်မီ ပြီးစီးနိုင်ရေး တစိုက်မတ်မတ် ဆောင်ရွက်ကြရန်ဖြင့် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မော်လမြိုင်မြို့နယ်၊ ဈေးကြိုရပ်ကွက်အတွင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မွန်ပြည်နယ်အနေဖြင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရန် အိမ်ထောင်စုပေါင်း (၅၂၅၆၉၅) စုရှိရာ ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်၍ မြေပြင်တစ်အိမ်တက်ဆင်းစာရင်း ကောက်ယူရေးအဖွဲ့ (၁၀၉၃) ဖွဲ့ဖြင့် စာရင်းကောက်ယူခဲ့ပြီး ယနေ့အထိ အိမ်ထောင်စု(၁၇၀၀၀) ကျော် ကောက်ယူပြီးစီးခဲ့ကြောင်း သိရှိရသည်။
မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး လွှမ်းခြုံမှုမြင့်မားရေးအတွက် မြို့နယ်များအလိုက် အခြေခံပညာကျောင်းများရှိ ကျောင်းသူ၊ ကျောင်းသားများကို ဦးစားပေး သတ်မှတ်၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း (Booster Dose) များ ထိုးနှံပေးပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ဖားအောက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးမှု (၅) လ ပြည့်ပြီးသော အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသူ၊ ကျောင်းသားလေးများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထုံနှံပေးနေမှု အခြေအနေအား ကြည့်ရှုအားပေးခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မော်လမြိုင်မြို့နယ်၊ စမ်းကြီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ ကျန်းမာရေးဝန်ထမ်းများမှ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထုံနှံပေးနေမှုတို့အား ကြည့်ရှုအားပေးခဲ့ကြသည်။
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များအတွင်းရှိ အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း၊ မွန်စာပေသင်ကျောင်းနှင့် ကျောင်းပြင်ပ ပညာရေးသင်ကျောင်း စုစုပေါင်း (၁၅၅၀) ကျောင်းမှ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးမှု (၅) လ ပြည့်ပြီးသော အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသူ၊ ကျောင်းသား (၂၄၂၀၇၂) ဦးအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း (Booster Dose) ထိုးနှံပေးခြင်းကို ကာကွယ်ဆေးထိုးအဖွဲ့ (၈၂) ဖွဲ့ဖြင့် ကျောင်းအခြေပြု ထိုးနှံပေးလျက်ရှိကြောင်းနှင့် ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်ထိုးနှံ၍ တစ်လအတွင်း ပြီးစီးအောင် ထိုးနှံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။