
မွန်ပြည်နယ်အနေဖြင့် ဒေသတွင်း ဆီဖူလုံမှုရှိစေရန်အတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးကို ဦးစားပေးကဏ္ဍအနေဖြင့် အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် ဇန်နဝါရီလ ၁၂ ရက်နေ့၊ နံနက်ပိုင်းက မုဒုံမြို့နယ်၊ ကျောက်တစ်လုံးကျေးရွာ၊ နေကြာ စံပြစိုက်ကွက်သို့ ရောက်ရှိ၍ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူမှ မုဒုံမြို့နယ်အတွင်း ဆောင်းသီးနှံနှင့် နွေစပါးလျာထားစိုက်ပျိုးမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးလယ်ယာမြေများအား စပါးနှင့် ဆီထွက်သီးနှံများ ဆက်လက်စိုက်ပျိုးရန်၊ နေကြာနှင့် အခြားဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး အလေးထား ဆောင်ရွက်ကြရန်နှင့် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တောင်သူများ နေကြာနှင့် အခြားဆီထွက်သီးနှံများ စိုက်ပျိုးခြင်းတို့အတွက် အားပေးကြရန်ဖြင့် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ကျောက်တစ်လုံးကျေးရွာ၊ စံပြစိုက်ကွက်များရှိ ဆောင်းသီးနှံ ရေဆင်းစပ်မျိုး နေကြာနှင့် ဆောင်းသီးနှံ နှမ်း စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေတို့အား ကြည့်ရှုအားပေးခဲ့ကြသည်။
အဲဒီနောက် ဒေသခံ နေကြာစိုက် တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တောင်သူများ၏ စိုက်ပျိုးရေအား နည်းလမ်းပေါင်းစုံမှ ရရှိနိုင်ရေးနှင့် အခြားလိုအပ်ချက်များအား တင်ပြတောင်းခံခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းနေကြာ စိုက်ပျိုးရန် (၆၁၃၄)ဧက လျာထားသည့် အနက်မှ ရေဆင်းစပ်မျိုး(၁) ၄၆၅၁ ဧက၊ ဆင်းရွှေကြာ(၂) ၁၆၉၀ ဧကနှင့် ဒေသမျိုး ၁၃၅ ဧက စုစုပေါင်း (၆၄၇၆) ဧက စိုက်ပျိုးပြီးစီးခဲ့၍ လျာထားချက်အပေါ် စိုက်ပျိုးပြီးစီးမှုမှာ (၁၀၅ ဒသမ ၅၈) ရာခိုင်နှုန်း စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရသည်။
မွန်ပြည်နယ်၊ ကျန်းမာရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အကူသူနာပြု (ပြင်ပ) (၉) လ သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း မြို့ပြနှင့် ကျေးလက်နေပြည်သူများအားလုံး ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို အရည်အသွေး ပြည့်မီစွာ ရရှိစေရေး အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများ ကျန်းမာရေးပြုစုစောင့်ရှောက်မှု တိုးတက်စေရေးအတွက် စွမ်းဆောင်ရည် အရည်အသွေးပြည့်ဝသော အကူသူနာပြုများကို စနစ်တကျ လက်တွေ့လေ့ကျင့်သင်ကြားမှုပေးနိုင်ရန် ရည်ရွယ်၍ အကူသူနာပြု သင်တန်းများ ဖွင့်လှစ်ပို့ချရခြင်း ဖြစ်ကြောင်း၊ ပြည်သူ့ဆေးရုံများတွင် ကုသမှု အရည်အသွေးမြင့်မားပြီး ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ လွှမ်းခြုံမှုရှိစေရန်နှင့် ပြည်သူများ ယုံကြည်အားကိုးရသော ကျန်းမာရေးဝန်ထမ်းကောင်းများ ပေါ်ထွန်းလာစေရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သင်တန်းသား မောင်မယ်တို့အနေဖြင့် သင်တန်းကာလအတွင်း စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမှုအပေါ် ကြိုးစာသင်ယူပြီး အခြေခံသူနာပြုစုမှု အတတ်ပညာများဖြင့် မိမိတို့ဒေသအကျိုး၊ ပြည်သူများ၏ အကျိုးကို မျှော်ကိုးကာ စွမ်းစွမ်းတမံ တာဝန်ကျေပွန်သော သူနာပြု လူချွန်၊ လူကောင်းများဖြစ်အောင် ကြိုးစားစွမ်းဆောင်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မော်လမြိုင်မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေး ဝန်ထမ်းများမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ရောဂါဝေဒနာရှင် ကလေးသူငယ်လေးများအား အခမဲ့ ကုသပေးနေခြင်းအပေါ် ကြည့်ရှုအားပေးခဲ့ပြီး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။
မွန်ပြည်နယ်တွင် ကျန်းမာရေး ဦးစီးဌာန၊ ကုသရေးဦးစီးဌာနနှင့် အလှူရှင်များပူးပေါင်းဆောင်ရွက်သည့် မရှိ၍ မလင်းသူ မရှိစေရ အစီအစဉ်ဖြင့် မျက်စိ အတွင်းတိမ်ရောဂါ ဝေဒနာရှင်များအား အပတ်စဉ် အခမဲ့ စမ်းသပ်၊ ခွဲစိတ် ကုသပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဌာန၌ မျက်စိ အခမဲ့ စမ်းသပ်၊ ခွဲစိတ် ကုသဆောင်ရွက်ပေးနေမှု အခြေအနေတို့ကို ကြည့်ရှုအားပေးခဲ့သည်။
အဲဒီနောက် မျက်စိရောဂါဝေဒနာရှင်များအား ရင်းရင်းနှီးနှီး လိုက်လံအားပေး၍ ပြည်နယ်ဝန်ကြီးချုပ်မှ အလှူငွေများနှင့် အာဟာရ ဖြည့်စွက်စာများ ပေးအပ်လှူဒါန်းခဲ့သည်။